Select Page

မြန်မာနိုင်ငံသို့ လေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များမှ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုသည် ယခုနှစ်ကုန်တွင် တစ်သန်းပြည့်မီနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုမှာ ဒီဇင်ဘာလကုန်ခန့်တွင် ပျမ်းမျှ ခြောက်သိန်းခန့် ၀င်ရောက်လာမည်ဖြစ်ကြောင်း၊ နယ်စပ်ဝင်ပေါက်များမှ ၀င်ရောက်လာနိုင်သည့် ပျမ်းမျှခရီးသည် လေးသိန်းကျော် အပါအ၀င်ဆိုပါက ယခုနှစ်တွင် နိုင်ငံခြားသားခရီးသည် စုစုပေါင်းတစ်သန်းခန့် မြန်မာပြည်တွင်းသို့ ၀င်ရောက်လာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက နိုဝင်ဘာလ ၂၃ ရက်နေ့၌ နေပြည်တော်တွင် နေပြည်တော်ဟိုတယ်ဇုန်မှ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ ၀င်ရောက်မှု တစ်သန်း ပြည့်မီရန် ရည်မှန်းချက် ထားရှိရာ တွင် ယခုနှစ်၌ ပထမဆုံးအကြိမ် တစ်သန်းပြည့်မည့် အလားအလာရှိ လာခြင်းဖြစ်သည်။

ရန်ကုန်လေဆိပ်မှ ခရီးသွားဝင်ရောက်မှုသည် တစ်ရက်လျှင် ပျမ်းမျှဦးရေ ၂၃၀၀ ခန့်ရှိလာပြီ ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ၀င်ရောက်လည်ပတ်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အဓိက၀င်ပေါက်ဖြစ်ပြီး အောက်တိုဘာလအတွင်းက တစ်ရက်လျှင် ၂၀၀၀ ၀န်းကျင်သာ ရှိခဲ့သည်။

မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ၀င်ရောက်မှုသည် နိုင်ငံရေးနယ်ပယ်မှ အပြောင်းအလဲများပေါ်တွင် မူတည်ကာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်အတွင်း စိတ်ဝင်စားလည်ပတ်လိုသူ တိုးတက်လာသော်လည်း အဆိုပါခရီးသွားများအတွက် ဟိုတယ်အခန်းများ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ၀န်ဆောင်မှုများနှင့် အခြားသော အခြေခံအဆောက်အအုံ ပိုင်းတွင်မူ လိုအပ်ချက်များစွာ ရှိနေသေးကြောင်းလည်း ခရီးသွားလုပ်ငန်းနယ်ပယ်၌ သုံးသပ်မှုများ ရှိနေသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလကုန်အထိ စာရင်းများအရ ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်များအနေဖြင့် နေပြည်တော်တွင် ဟိုတယ်အလုံး ၃၃ လုံး ၂၁၁၁ ခန်း၊ ရန်ကုန်တွင် ဟိုတယ် ၂၀၂ လုံး အခန်း ၈၇၂၁ ခန်း၊ မန္တလေးတွင် ဟိုတယ် ၇၉ လုံးနှင့် အခန်း ၃၃၆၂ ခန်း၊ ပုဂံ ညောင်ဦးတွင် ဟိုတယ် ၇၅ လုံး၊ အခန်း ၃၁၉၆ ခန်း၊ တောင်ကြီး-အင်းလေးဒေသတွင် ဟိုတယ် ၅၉ လုံး၊ အခန်းပေါင်း ၁၆၂၄ ခန်းရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသာမက စီးပွားရေး ခရီးသွားများပါ ရောက်ရှိမှု တိုးတက်လာသည့်အတွက် မြန်မာနိုင်ငံတွင် ဟိုတယ်အခန်းများ ရရှိရန် အခက်အခဲများ ပ်ါပေါက်လာကာ အဓိက၀င်ပေါက် တစ်ခုဖြစ်သော ရန်ကုန်မြို့၌ ယင်းအခက်အခဲကို ပိုမိုကြုံတွေ့လာရသည်။ http://news-eleven.com/index.php?option=com_content&view=article&id=16558:2012-11-28-03-20-34&catid=42:2009-11-10-07-36-59&Itemid=112